ဘားအံ ဧပြီ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် မဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) အသိအမှတ်ပြုကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကို ရည်မှန်းချက်တာဝန်ထား၍ သတ်မှတ်ကာလအတွင်း အောင်အောင်မြင်မြင်ဖြင့် ပြီးမြောက်ရန်မှာ အရေးကြီးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းအသက်အပိုင်းအခြား အလိုက် ကတ်အမျိုးအစားအလိုက် ထုတ်ပေးရန်ကျန်ရှိနေသည့် မဲဆန္ဒရှင်များကို ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေး သတ်မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရေးလုပ်ငန်းစဉ်များကို ကောင်စီဝင်အားလုံးနှင့် တိုင်းရင်းသားပြည်သူများလည်း သိရှိဖို့လိုအပ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပန်းခင်းစီမံချက်အကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လာရောက်ရှင်းလင်းတင်ပြခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကောင်စီဝင်များနှင့် တာဝန်ရှိသူများကလည်း လိုအပ်သည့်အကြံပြုချက်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူး ဦးရဲထွန်းဦး က ပန်းခင်းစီမံချက်ဖြစ်ပေါ်လာပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပန်းခင်းစီမံချက်အပေါ်လမ်းညွှန်မှာကြားချက်၊ ပန်းခင်း စီမံချက်ဆောင်ရွက်မည့်လုပ်ငန်းအဆင့်ဆင့်၊ အိမ်ထောင်စုလူဦးရေ စာရင်းတင်ပြခြင်း၊ ဝန်ထမ်းအင်အားအခြေအနေ၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး အင်အားဖြည့်ဆောင်ရွက်ခြင်း၊ ဦးစားပေးအဆင့်အတန်းသတ်မှတ်ခြင်း၊ ဒေသအာဏာပိုင်များမှ ကူညီဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျခံရမည့် ကုန်ကျစရိတ်များ စသည်ဖြင့် စီမံချက်နှင့်ပတ်သက်၍ Power Point အသုံးပြု ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ပန်းခင်းစီမံချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့လိုပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုကြောင်း၊ မြို့နယ်တိုင်းတွင် ပန်းခင်းစီမံချက် အထောက်အကူပြုလုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်စေလိုပြီး လုပ်ငန်းတိုးတက်မှုအခြေ အနေများကို တစ်ပတ်တစ်ကြိမ် ပြန်လည်တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ အမှတ်(၄)၊(၆)၊(၇)၊(၈) ရပ်ကွက်များမှ ရပ်ကွက်နေပြည်သူများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အမှတ်(၁)၊(၂)၊(၃)၊(၅)တို့မှ ပြည်သူများ၏ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု့အားပေးရာ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသူများ၊ ကျန်းမာရေးစစ်ဆေးမှု ခံယူနေသူများ၊ ကာကွယ်ဆေးထိုးနှံနေသူများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ပေးကြသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)