ကောလင်း ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန့်နေ့က ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းအား လမ်းအရည်အသွေး ၊ သိပ်သည်းမှု CBR တိုင်းတာစစ်ဆေးခြင်းအားကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ အဆိုပါအရှည် ၂မိုင်ရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ ရာနူန်းပြည့်ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းမှာ အရှည် ၂မိုင်ရှိပြီး အကျယ် (၁၂)ပေ ၊ မြေသားတစ်ပေထု(၂)လွှာ၊ ဂျင်းမြေ (၉)လက်မထု တစ်လွှာထပ်ပိုးခင်းခြင်းလုပ်ငန်းများကို ရွှေသိန်းကုမ္ပဏီက ပြည်ထောင်စုဘတ်ဂျက် တင်ဒါအောင်မြင်ငွေ (၈၉.၈)သန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
''ကျွန်တော်တို့ရွာဘေးမှာ နမ္မားချောင်းလေးရှိတယ်၊ အဲဒီချောင်းကိုမှီပြီး လယ်တို့/ယာတို့ စိုက်ကြတာ၊ ကုန်ထုတ်လမ်းမဖောက်ခင်က လယ်ကထွက်တဲ့စပါးကို လူနဲ့ပဲထမ်းပြီး သယ်ရ တယ်၊ ကိုယ်ရောင်းချင်တဲ့အချိန်ဈေးကောင်းနဲ့ မရောင်းရဘူးပေါ့ဗျာ၊ အခုကုန်ထုတ်လမ်း ဖောက်လုပ်ပေးတော့ စပါးကို လယ်ထဲ/ယာထဲအထိ ကားမောင်းပြီး ရောင်းလို့ရပြီးပေါ့ဗျာ၊ အခုလို လူသူအရောက်အပေါက်နည်းတဲ့ တောခေါင်ခေါင်ရွာလေးကို ကုန်ထုတ်လမ်း ဖောက်လုပ် ပေးတဲ့ ကျေးလက်ဦးစီးဌာနကို ကျေးဇူးတင်ရတာပေါ့ဗျာ'' ဟု ရွာခွဲတာဝန်ခံ ဦးမောင်ကြည်က ပြောသည်။
ယင်းကုန်လမ်းဆောင်ရွက်ပြီးစီးခဲ့သဖြင့် အိမ်ခြေ (၉၉)၊ လူဦးရေ(၅၂၀)ကျော်အတွက် အကျိုးပြု မည့်အပြင် လယ်နှင့်ယာမြေ ဧက(၂၀၂)ကျော်စိုက်ပျိုးကြသည့် တောင်သူများ၏ လယ်ယာ ထုတ်ကုန်/ထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီလျှင်မြန်စွာသယ်ပို့နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)