မြဝတီ ဧပြီ ၂၆
၂၀၂၁ခုနှစ်၊ မေလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်းရှိ အသက်(၂၁) နှစ်အောက် ဘောလုံးအားကစားသမားများအား ရွေးချယ်ပြုလုပ်ခြင်းကို မြဝတီမြို့ရှိ မြို့မဘောလုံးကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရွေးချယ်ပြုလုပ်ခြင်းကို (၂၃.၄.၂၀၂၁)ရက်နေ့မှ (၂၅.၄.၂၀၂၁)ရက်နေ့အထိ အားကစားသမား များကို ပဏာမရွေးချယ်ခဲ့ပြီး မြဝတီမြို့နယ် ရပ်ကွက်၊ကျေးရွာများမှ အသက်(၂၁)နှစ်အောက် ဘောလုံးအားကစား (၆၀)ဦးတို့မှ လာရောက်အရွေးခံခဲ့ကြသည်။
ထိုသို့ရွေးချယ်ရာတွင် မြဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်နှင့် အားကစားသမားဟောင်းနည်းပြတို့က လာရောက်အရွေးခံကြသည့် အသက်(၂၁)နှစ်အောက် ကစားသမား(၆၀)ဦးကို အသင်းများခွဲကာ အလှည့်ကျယှဉ်ပြိုင်ကစားစေခဲ့ရာ အကောင်းဆုံးကစားသည့် ဂိုးသမား(၄)ဦး၊ အနောက်တန်း(၉)ဦး၊ အလယ်တန်း(၉)ဦးနှင့် အရှေ့တန်း(၈)ဦး စုစုပေါင်း(၃၀)ဦးကို ပဏာမရွေးချယ်ခဲ့သည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပဏာမရွေးချယ်ထားသည့် အားကစားသမား (၃၀)ဦးအား ၂၀၂၁ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် အရည်အချင်းများ စစ်ဆေးကာ အားကစားသမား (၂၀)ဦးကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်