မြဝတီ ဧပြီ ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် မြဝတီခရိုင်အတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူခြင်းခံရတော်မူသော သံဃာတော်(၅)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဌပူဇာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတသ (၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် မြဝတီမြို့၊ မြသုခ (၂၇၅)တပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာနန္ဒ ထံမှ ၈ ပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိက ဆရာတော်မှ သြဝါဒကထာ မိန့်ကြားသည်။
ဆက်လက်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာနန္ဒ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယကဥက္ကဋ္ဌ တောင်တန်းသာသနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယကအဖွဲ့ဝင် သီရိရတနာ သက်လွတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာသီသ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ငွေဟင်္သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိမလ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရေပူစမ်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော် ကောဝိဒ(ကိုယ်စား)ဆရာတော်တို့နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပုညာရာမသီလရှင်စာသင်တိုက် နာယက ဆရာကြီး ဒေါ်ပုညဝတီ တို့အား ရှေ့တန်း အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြင့်ထွန်းနိုင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) သင်္ဃန်းညီနောင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုးဝင်း၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးတေဇာအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာအသင်းအဖွဲ့မှ တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ (၂၇၅) တပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာနန္ဒဆရာတော်မှ ဂုဏဝိသိဌပူဇာသြဝါဒနှင့် အနုမောဒနာတရား ချီးမြှင့်ခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)