ပဲခူး ဧပြီ ၂၅
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ်မှ တာဝန်ခံများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကြပြီး ပဲခူးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၁) ဗိုလ်မှူးကြီး လှမျိုးဆွေက လက်ရှိဖြစ်ပေါ် နေသည့် နိုင်ငံရေးအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုပညာပေး စည်းရုံးရေး လုပ်ငန်းများ၊ အားကစားလှုပ်ရှားမှုများ၊ ရာသီအလိုက်အား ကစားသင်တန်း များ ဖွင့်လှစ်ဆောင်ရွက်ကြရန်၊ အားကစားကလပ်များကို လည်း ခေတ်မီအားကစားပစ္စည်းများ ပံ့ပိုးပေးခြင်းများလုပ်ဆောင်ကြရန်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ခြင်းလုပ်ငန်းများဖြစ်သည့် အားကစား အသိပညာပေး ဟောပြောပွဲ/သရုပ်ပြပွဲများ၊ သင်တန်းများနှင့်တက္ကသိုလ်/ အခြေခံပညာကျောင်းများ၌ နှစ်စဉ်ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်အောင် ပံ့ပိုးဆောင်ရွက်ပေးကြရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ မိမိတို့တိုင်းဒေသကြီးအတွင်းမှ အရည်အချင်းပြည့်မီသော သင်တန်းသားများ ရွေးချယ်စေလွှတ်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး ပြုစုပျိုးထောင်ပေးကြရန်၊ အားကစားနည်းအလိုက် ရပ်/ကျေး၊ မြို့နယ်/ခရိုင်/ တိုင်းအဆင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း လမ်းညွှန် အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးအောင်က အားကစားနှင့်ကာယပညာဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် တိုင်းဒေသကြီးအတွင်း ရာသီအလိုက်ပြုလုပ်မည့် အားကစားပြိုင်ပွဲများ၊ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်များဖြင့် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်တာဝန်ခံများက ခရိုင်အလိုက် အားကစား လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၁) ဗိုလ်မှူးကြီးလှမျိုးဆွေက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြို့နယ် အသီးသီး၌ ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်း(၁၈)ခု၊ တိုင်းဒေသကြီး ဘတ်ဂျက် ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်း(၃)ခုဆောင်ရွက်ခဲ့ပြီး အားကစားပြိုင်ပွဲများအနေဖြင့် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် U-21အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း၊ U-25အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ဇွန်လ(၂၆)ရက် နေ့မှ(၃၀)ရက်နေ့အထိလည်းကောင်း၊ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧပြီလ(၃၀)ရက်နေ့မှ မေလ(၃) ရက်နေ့အထိလည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲများအား မေလ(၅)ရက် နေ့မှ(၈)ရက်နေ့အထိ လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်သည့်အပြင် နွေရာသီအားကစားပြိုင်ပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး အဆင့်၌ အားကစားနည်း(၁၀)မျိုး၊ ခရိုင်အဆင့်၌(၇)မျိုးနှင့် မြို့နယ်အဆင့် တို့တွင် အားကစားနည်း(၃)မျိုး (သို့မဟုတ်) (၅)မျိုးတို့အား မေလ(၁၆)ရက်နေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၂၁ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများဖြစ်သည့် U-21အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် U-25အမျိုးသမီးဘောလုံး ပြိုင်ပွဲမျအား ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကစားကြမည်ဖြစ် ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၁) ဗိုလ်မှူးကြီးလှမျိုးဆွေ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄) ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ်မှ တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီးပြန်/ဆက်