မင်းလှ ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သာယာကုန်းအုပ်စု၊ သာယာကုန်းကျေးရွာရှိ သုံးထပ် ဘုန်းတော်ကြီးကျောင်းတိုက်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ် မြတ်အား ဂုဏ်ပြုချီးမြှောက်ပူဇော်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃာနာယက ဒုတိယဥက္ကဋ္ဌ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်က ရတုပိုဒ်စုံဖြင့် ရွတ်ဖတ်ပူဇော်သည်။
ဘွဲ့ရဆရာတော်၏ တပည့် အရှင်တေဇနိယ (နေလကျောင်းတိုက်ဆရာတော်) စီစဉ်မှုဖြင့် ရတုပိုဒ်စုံ၊ ရှစ်လုံးဘွဲ့ ကဗျာနှင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ပူဇော်ပွဲကို တက်ရောက်လာသော သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်
သာသနာရေးဦးစီးမှူး၊ တပည့်ဒါယကာ ဒါယိကာမများမှ လှူဖွယ်ဝတ္ထုငွေ ကျပ်သိန်း (၁၇၀) ကျော်အား ဆက်ကပ်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ပန်းတောကျောင်းတိုက်ဆရာတော်က ရေစက်သွန်းချ တရားတော်များ ဟောကြားပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးထပ်ကျောင်းတိုက် မဟာထေရ်မြတ်သည် ဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားရေးကို အထူးဆောင်ရွက်တော်မူခြင်း ဝိသိဋ္ဌဗုဒ္ဓသာသနဝုဎိုကရဂုဏ်၊ ဗုဒ္ဓသာသနာတော်အကျိုးစီးပွားကို အထူး ဆောင်ရွက်နိုင်ခြင်း ဝိသိဋ္ဌဗုဒ္ဓသာသနဟိတဓရဂုဏ်၊ ဗုဒ္ဓသာသနာတော်ကို အထူးစောင့်ရှောက်တော် မူခြင်း ဝိသိဋ္ဌဗုဒ္ဓသာသနာ နုရက္ခိတဂုဏ်၊ သံဃာတော်များကို ထူးခြားစွာ ကြီးကဲအုပ်ချုပ်နိုင်ခြင်း ဝိသိဋ္ဌ မဟာနာယကဂုဏ်၊ ထူးကဲသော ဝိသိဋ္ဌ သီလသမာဓိပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အား ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ် သက်တော်(၉၂) နှစ်၊ ဝါတော်(၇၂)ဝါသည် ဗုဒ္ဓသာသနာတော် တိုးတတ်ပြန့်ပွားရေးကိစ္စရပ်များကို သယ်ပိုးထမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ ပြန်/ဆက်