ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဧပြီ ၂၄

ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များကို မေလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန်နှင့် အခြေခံပညာကျောင်းများကို ဇွန်လဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရက်ကာလအားဖြင့် အနည်းငယ်သာကျန်ပါကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများအနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ကျေင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများ၊ ကျောင်းသား/သူများ၊ သင်ကြားရေး ဆရာ/မများနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာအစီအမံများကို တင်ပြပေးကြမှသာ မိမိတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည်ကို သိရှိနိုင် မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ အနေဖြင့်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသည်ဟု သိရပါကြောင်း၊ အဓိကအားဖြင့် ကျောင်းသား/သူများ ရာနှုန်းပြည့် ကျောင်းပြန် တက်နိုင်ရေးအတွက် အားပေးနှိုးဆော်သည့်အပိုင်းကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ CDM တွင် ပါဝင် သည့် ကျောင်းသား/သူနှင့် ဆရာ/မအချို့ ရှောင်တိမ်းနေကြသည်ဟု ကြားသိရပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြန်လာကြရန် နိုင်ငံတော်မှလည်း တရားဝင် ရုပ်သံလိုင်းများ၊ သတင်းစာများတွင် ကြော်ငြာ၍ ပြန်လည်ခေါ်ယူနေပါကြောင်း၊ ထို့သို့ ပြန်လည်ဝင်ရောက် လာသူများကို မည်သည့်အရေးယူခြင်းမှ ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းက ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အထိုက်အလျောက် ပျက်ကွက်သွားသည့် ဝန်ထမ်းအင်အားကို ပြန်လည်ဖြည့်တင်းသွားနိုင်ရေးနှင့် လိုအပ်ချက်များကို စီမံချက်ပုံစံရေးဆွဲတင်ပြကြရန် ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်အတွင်းရှိ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာအထက်တန်းကျောင်းတို့မှ တာဝန်ခံများက ကျောင်းသား/သူနှင့် ဆရာ/မ အင်အားအခြေအနေ၊ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများက အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဝန်ထမ်းအချို့သည် CDM တွင် ပါဝင်ခြင်းမရှိပါက Social Punishment ပြုလုပ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ တာဝန်ပျက်ကွက်ခဲ့မှုအပေါ် အရေးယူခံရမည်ကို ကြောက်ရွံ့ ခြင်းတို့ကြောင့် တာဝန်ထမ်းဆောင်ရန် ဆက်လက်ပျက်ကွက်နေကြခြင်းဖြစ်ကြောင်း၊  CDM ပြုလုပ်ရန် ခြိမ်းခြောက်ခံရပါက သက်ဆိုင်ရာကို သတင်းပို့တိုင်ကြားနိုင်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်တာဝန် ထမ်းဆောင်ပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး က ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ဆရာ/မများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းအထောက် အကူပြုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်မည်ဆိုပါက ပိုမိုပြီးပြည့်စုံမည်ဟုယုံကြည်ပါ ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တက်တက်ကြွကြွဖြင့် စိတ်ပါဝင်စားစွာ ဆွေးနွေး ပေးကြသည့် ဆရာကြီး၊ ဆရာမကြီး များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)