ကာမိုင်းမြို့နန့်ယားကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကာမိုင်း     ဩဂုတ်         ၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးကျော်ကျော်ဝင်း ဦးဆောင်သည့်အဖွဲ့က ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်း ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော Cash For Work စီမံကိန်းကျေးရွာဖြစ်သည့် နန့်ယားကျေးရွာ၌ စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ဖြင့် ရပ်ကွက်(၃)ရှိ ခင်တောင်လမ်းမကြီးသည် အရှည်(၁၆၅၀)ပေ၊ အကျယ်(၁၅)ပေ၊ အမြင့်(၆)လက်မရှိ လမ်းအားပြုပြင်ခြင်းနှင့် လမ်းဘေးဝဲ/ယာ ရေမြောင်းများတူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကာမိုင်းမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)