ပဲခူး ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပထမအကြိမ် ကျင်းပ ရခြင်း ဖြစ်ကြောင်း၊ လယ်ယာမြေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ မှတ်သား ဆောင်ရွက် သွားရန်နှင့် ကျေးရွာစိုက်ပျိုးမြေများကို လယ်ယာမြေမှ ဥယျာဉ် ခြံမြေ၊ ၎င်းမှ စားသောက်ဆိုင်များ၊ အိမ်အသေးများ၊ ၎င်းမှတစ်ဆင့် အိမ်ကြီးများ ဆောက်လုပ် နေသည်ကိုတွေ့ရှိရသဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ သည် လူ၊ တိရစ္ဆာန်များ မဖျက်ဆီးနိုင်ရန်အတွက် သံဆူးကြိုးခတ်နိုင်သော်လည်း အုတ်ဖြင့် ခြံစည်းရိုး အခိုင်အမာခတ်ပါက အရေးယူ ဆောင်ရွက် သွားရန်နှင့် တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ် ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား ခွင့်မပြုရေး မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာနှင့် စီးပွားရေးအထူးဇုန်များ၊ စက်မှု ဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုများကို လုံးဝခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း၊ လူနေမှုဘဝဖွံ့ဖြိုး၏ တိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုဿာန်၊ သာသနာမြေနှင့် ဌာနဆိုင်ရာအတွက် လိုအပ်သော အဆောက်အအုံများနှင့် ပတ်သက်၍ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထား လာသည့် အမှုတွဲများအပေါ် လိုအပ်သည့်အနည်းဆုံး ဧရိယာကိုသာ ထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် လယ်ယာ မြေပေါ်တွင် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိသေးဘဲ ကျူးကျော်ဆောက်လုပ်နေမှု များနှင့်ပတ်သက်၍ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ကြီးကြပ်စစ်ဆေး ပြီး တည်ဆဲလယ်ယာမြေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး က ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် အမှုတွဲများ အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)