ဘားအံ ဧပြီ ၂၃
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်ရေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဆေးရုံများ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက “ကမ္ဘာတစ်ဝှမ်း မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအနေဖြင့် ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်းခန့် မြန်လာသည့် အနေအထားမျိုးကို ကြားသိရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုများ ရှိနေကြောင်း၊ မိမိတို့ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်တွင်လည်း ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အနီရောင်အဆင့်ကို ကြေငြာထားပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် မိမိတို့ပြည်နယ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားချိန်တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ညွှန်ကြားထားပြီး အဓိကကျသည့် ဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့်လည်း ရောဂါပျံနှံဖြစ်ပွားမှုနည်းပါးအောင် ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေ လိုကြောင်း၊ ပြည်နယ်အတွင်း ဆေးရုံများပြန်လည်ဖွင့်လှစ် နေပြီဖြစ်သော်လည်း တိုက်နယ်ဆေးရုံတစ်ချို့ ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း၊ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် တိုက်နယ်ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ပြီး ဆေးရုံများ ရာနှုန်းပြည့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ဖွင့်လှစ်ပြီးဆေးရုံများ ရာနှုန်းပြည့်လည်ပတ်နိုင်ရေး ဖွင့်လှစ်ရန်ကျန်ရှိသည့် တိုက်နယ်ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်/မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများက ဆေးရုံများပြန်လည်ဖွင့်လှစ်ထားရှိမှုနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေသည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက လိုအပ်သည်များအား အကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)