ကော့သောင်း ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင်ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ဖြစ်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး လုပ်ငန်းများအဖြစ် တရားမဝင် ကုန်သွယ်မှု ထားဆီးရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်များ ဖြစ်သည့် ကော့သောင်းမြို့ပေါ် ရေဆိပ်များဖြစ်သည့် ငွေပင်လယ်ဆိပ်ခံတံတား၊ တော်ဝင်ဆိပ်ကမ်း တံတား၊ နယ်စပ်ဖြတ် ကူးတို့လှေဆိပ်များမှတဆင့် တဖက်နိုင်ငံမှ တရားမဝင်ကုန်စည်များ ဝင်ရောက်လာခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ ကော့သောင်းမှတဆင့် မြန်မာနိုင်ငံ အမြို့မြို့သို့ ပြေးဆွဲထွက်ခွာမည့် ခရီးသည်တင် မော်တော်ယဉ် များ၊ ကုန်တင်ယဉ်များပေါ် တင်ဆောင်ထားသည့် ကုန်ပစ္စည်းများအား နိုင်ငံတော်သို့ အခွန်ဆောင်ထားခြင်း ရှိ၊ မရှိ၊ ကန့်သတ်တားမြစ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ၊ မရှိ၊ ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းရှိမရှိ ကော့သောင်းမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ ခရီးသည်တင် မော်တော်ယာဉ်များတွင် မြို့ရွာတည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ပြုစေနိုင်သည့် လက်နက်ခဲယမ်း၊ ဖေါက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ၊ မရှိ စသည့် လုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)