စေတုတ္တရာ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများ အား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးက “အငြိမ်းစားပင်စင်လစာကို ဧပြီ(၂၁)ရက်နေ့မှ စတင်၍ နေ့စဉ်နံနက်(၇)နာရီမှ ညနေ (၃)နာရီအထိထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်များရှိ ပင်စင်စားမိဘပြည်သူများအားပင်စင်လစာများ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း”ပြောကြားသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဘဏ်အတွင်းသို့မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေးအတွက် စနစ်တကျ မျဉ်းများ သတ်မှတ်ကာ ထိုင်ခုံများချထား ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တစ်မြို့နယ်လုံးအနေဖြင့် ပင်စင်လစာထုတ်ယူသူ (၆၀၀)ဦးခန့် ရှိကြောင်း သိရသည်။
စည်သူလွင်