နတ်မောက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၆၅) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများ ပြုလုပ်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် နတ်မောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ် နှင့် အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပုလင်းအလုံးရေ (၁၅၉) ရရှိထားခြင်းဖြစ်ပြီး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီး (၁၅၈၈) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
သင်းသင်းဝေ