မြိတ် ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတည်တံ့စေရေး၊ ငါးသယံ ဇာတပေါများစေရေးအတွက် မြိတ်မြို့၊ သာကေတရပ်ကွက်၊ ကမ်းနားလမ်း၊ သစ်ယာဝဆိပ်ခံတံတားတွင် ဧပြီလ (၂၃)ရက် နံနက်(၈)နာရီက သဘာဝရေပြင်အတွင်းသို့ ကကတက် ငါးသားပေါက် အကောင်ရေ(၈၀၀၀၀)မျိုးစိုက် ထည့်ခဲ့ကြသည်။
“ငါးမျိုးစိုက်ထည့်တာက ရေငန်ငါးဖြစ်တဲ့ ကကတက်မျိုးစိတ်ပါပဲ။ အရွယ်အစားအနေနဲ့ နှစ်လက်မခွဲ၊ သုံးလက်မ၊ လေးလက်မ၊ လေးလက်မကျော် ကျော်အထိ ပြင်ထပ်အော်ငါးသောက်ပေါက်စခန်းမှ ထုတ်လုပ်ထားတဲ့ ငါးသားပေါက်တွေပါ။ အကောင်ရေ(၈၀၀၀၀)ကို မျိုးစိုက်ထည့်တာပါ။ သဘာဝ ငါးသယံဇာတတွေ ပိုမိုတိုးပွား စေဖို့အတွက် အဓိက ရည်ရွယ်တာပါ။ ဖမ်းဆီးမှုကြောင့်ဖြစ်စေ သဘာဝအခြေအနေကြောင့်ဖြစ်စေ ရှုံးဆုံးသွားတဲ့ ငါးတွေကို စခန်းမှ ထုတ်လုပ်နိုင်တဲ့ငါးတွေကို မျိုးစိုက်ထည့်ပေးတာပါ” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦး က ပြောသည်။
ငါးမျိုးစိုက်ထည့်ရာတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်ကျော်ဦး၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူ များက ဆိပ်ခံတံတားမှ ကကတက်ငါးသားပေါက်များ မျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မြိတ်ခရိုင် ပြန်/ဆက်