ကော့ကရိတ် ဧပြီ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သံဃာတော် များ၊ သီလရှင်များ၊ ပြည်သူများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၂၁ရက် ၈နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာနှင့် သီလရှင် (၂၈)ပါး၊ ဒေသခံပြည်သူ (၄၃၈)နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၁၃၄)ဦး စုစုပေါင်း (၆၀၀) ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့သည်။အလားတူ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ရဟန်းသံဃာနှင့် သီလရှင် (၁၅)ပါး၊ ဌာနဆိုင်ရာဝန်ထမ်း (၇၅)ဦး၊ ဒေသခံပြည်သူ (၁၈၅) ဦးနှင့် နဘူးတိုက်နယ်ဆေးရုံတွင် ကျေးလက်နေပြည်သူ(၇၇)ဦးအား သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးလာရောက်ထိုးနှံမည့် သက်ကြီးဘိုးဘွားများအား ကြိုပို့ခြင်းနှင့် အခြားလိုအပ်သောပံ့ပိုးကူညီမှုများကို ကော့က ရိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ် ၈ရက်နေ့မှစ၍ ယနေ့အချိန်ထိ ရဟန်းသံဃာနှင့် သီလရှင်များ၊ ဒေသခံပြည်သူများ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၇၈၃၄)ဦးအား ပထမ အကြိမ်နှင့် (၃၃၈၈)ဦးအား ဒုတိယအကြိမ်ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သေးသည့် ပြည်သူများအား ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်