မိုင်းယောင်း ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသား ကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားဆေးမှူးများ ပါဝင်သောအဖွဲ့သည် ဧပြီ ၂၂ ရက်က မုန်းလိုက်ကျေးရွာအုပ်စု၊ နမ့်ဆီလင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ ဉာဏ်ရည်ထက်မြက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်များ ဖြစ်လာစေရေးရည်ရွယ်၍ အာဟာရဖြည့်မုန့်များ ပေးဝေခြင်း၊ ကျောင်းဝတ်စုံများ ကျောင်းသုံးစာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ ကူညီပံ့ပိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အခြေခံပညာမူလတန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်လဝကမှူး ဦးပွားမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်နိုင်ထွေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးမှူး ဦးနန်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာလိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် နှာခေါင်းစည်းများ၊ ဆီ၊ ဓာတ်ဆားထုပ်၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဟင်းချိုမှုန့်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒို့ကျေးရွာဂျာနယ်(Our Village Journal) စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ အာဟာရဖြည့်မုန့်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ရသစာပေများကို ကျေးရွာဘုရားကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း