မကွေး ဧပြီ ၂၂
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦးသည် မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မကွေးခရိုင်ရဲတပ်မှူး ယာယီဒုတိယရဲမှူးကြီး မြင့်ဆွေဦးတို့နှင့်အတူ တိုင်း ကျေးလက်လမ်းဦးစီးမှူး ဦးသိန်းစန်းလှိုင်၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး ဦးစောမင်းထွန်းနှင့် ချောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့ လိုက်ပါကာ ဧပြီလ ၂၁ ရက်နံနက် ၉ နာရီအချိန်က ချောက်မြို့နယ် သန်းပင်တောင်ကျေးရွာမှ မြေစွန်းကျေးရွာအုပ်စု နလင်ကန်ကျေးရွာအထိ ဖောက်လုပ် ထားသည့် မြေသားလမ်းနှင့် စွယ်ပေါက္ကံကျေးရွာ ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူး ဦးသိန်းစန်းလှိုင်နှင့် ခရိုင် ကျေးလက်လမ်းဦးစီးမှူး ဦးစောမင်းထွန်းက လုပ်ငန်းဆောင်ရွက်မှုထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး၊ လုပ်ငန်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးမင်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦးနှင့်အဖွဲ့သည် နံနက် ၁၁ နာရီအချိန်တွင် ချောက်မြို့နယ်ထွေ/အုပ်ရုံးသို့ ရောက်ရှိခဲ့ပြီး၊ အဆိုပါရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ပါဝင် ပတ်သက်မှုများ ကင်းရှင်းစေရေး၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ လုံခြုံရေး သတိရှိစေရေး၊ ဌာနဆိုင်ရာအချင်းချင်း သတင်းရရှိမှုများ ဖလှယ်ရန်နှင့် သတင်းလက်ဦးမှုများရရှိပြီး ရပ်ကွက်/ကျေးရွာများထိ သတင်းပေးများနှင့် ချိတ်ဆက်ထားရှိရေး၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းများအမြန်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးမှ ဆရာ/ဆရာမများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ CDM ပြုလုပ်သွားသည့် ဝန်ထမ်းများအား မိမိတို့ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းတာဝန်များတွင် ဝင်ရောက်နိုင်ရန်နှင့် မိမိလက်အောက်ငယ်သားများအား ပြန်လည် စည်းရုံး ခေါ်ဆောင်နိုင်စေရေးတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦး သည် မကွေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးလိုက်ပါလျက် မွန်းလွဲ ၂ နာရီအချိန်တွင် မကွေး အကျဉ်းထောင်သို့ရောက်ရှိပြီး၊ မကွေးအကျဉ်းဦးစီးဗဟိုကင်းအား မကွေးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ရွှေနှင့် ထောင်ပိုင်ကြီး ဦးသိန်းသန်းဦးတို့က လိုက်လံရှင်းလင်းတင်ပြရာ ဗိုလ်မှူးကြီးမင်းဦးက ဗဟိုကင်းအား စစ်ဆေးခဲ့မှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မောင်ညီညာ