မိုင်းယောင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 

မိုင်းယောင်း ဧပြီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဧပြီ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ထားရှိပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်းမှ ပထမဆုံးအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံကြမည့် ပြည်သူများနှင့် ဒုတိယအကြိမ်ထိုးနှံကြမည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးနေခြင်းဖြစ်သည်။

မိုင်းယောင်းမြို့နယ်ရှိ မိုးလုံလေလုံအားကစားရုံ၌ အခြေပြု၍ တပ်မတော်သားဆရာဝန်များ၊ ဆေးမှူးများ၊ ဆေးသူနာပြုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပြီး အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာများအား ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ ၁၁ ရက်နေ့က လည်းကောင်း စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဧပြီလ ၈ ရက်နေ့ကလည်းကောင်း ထိုးနှံပေးခဲ့ရာ စုစုပေါင်းလူဦးရေ (၃၀၀၀)ကျော်ကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။

အားချာ