မကွေး ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မင်းဘူးခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၉ နာရီက မင်းဘူးမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က CDM လှုပ်ရှားမှုသည် နိုင်ငံဖျက်သည့် လှုပ်ရှားမှုဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုကို Country Destroyer Movement ဟု ပြောလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတစ်ကာတွင်လည်း ဆန္ဒပြမှု များရှိသော်လည်း စီးပွားရေးလုပ်ငန်းများ ပျက်စီးအောင် မလုပ်ဆောင်ကြကြောင်း၊ မိမိတို့နိုင်ငံ၌ ဆေးရုံ၊ ကျောင်း၊ လမ်း၊ ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ လည်ပတ်၍ မရအောင် CDM ဆောင်ရွက်မှုသည် တိုင်းပြည်ပျက်စီးအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုလည်း အဓိကထား ဆောင်ရွက်ပေးရန်နှင့် ကိုဗစ်-၁၉ ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အခြေခံကျောင်းများ အပါအဝင် တက္ကသိုလ် ကျောင်းများကိုလည်း အမြန်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ထမ်းများအနေနဲ့လည်း သင်တန်းများ တက်ရောက်ရန် ခေါ်ယူရာမှာ မတက်ရောက်တဲ့ ဝန်ထမ်းများရှိနေကြောင်း၊ အဆိုပါဝန်ထမ်းများအား ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး မြို့နယ်ပညာရေးမှူးရုံးမှာ သတင်း ပို့ရမှာဖြစ်ပြီး၊ သတင်း ပေးပို့မှု ပျက်ကွက်ပါက CDM အဖြစ် သတ်မှတ်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ မြစ်ရေတင်လုပ်ငန်း များအား Solar စနစ်ဖြင့် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီးအတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးအတွက် ခရီးသွား လုပ်ငန်းကဏ္ဍများ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ကျရာ အခန်းကဏ္ဍများအလိုက် နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြဖို့၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ညီ နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက မင်းဘူး(စကု)မြို့နယ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဒေသဆိုင်ရာ အချက် အလက်များအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှင်လင်း တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့် မင်းဘူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် စကုမြို့ မြို့မစည်ပင်သာယာဈေးအား အဆင့်မြှင့်တင်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် စကုမြို့မ စည်ပင်သာယာဈေးအတွင်း ကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး၊ စကုမြို့ ပုညရှင်ဘုရားသို့ သွားရောက်ဖူးမျှော်ကာ ဘုရားကြီးအား ရှေးမူ လက်ရာမပျက် ပြန်လည်ပြုပြင်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ဆက်လက်ပြီး မင်းဘူးမြို့ မြို့မ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ