မြိုင်မြို့နယ် ကျောက်တိုင်ကျေးရွာတွင် မီးဖိုမီးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

မြိုင်  ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ကျောက်တိုင်ကျေးရွာတွင် ဧပြီလ ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်က ကျောက်တိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ် ကျောက်တိုင်ကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် မီးဖိုမီးမှတစ်ဆင့် ဘေးရှိထန်းလက်ကာကို မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ ကျေးရွာနေပြည်သူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲအောင်နှင့်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာလူနေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး အခြားလူနှင့်တိရိစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အိမ်ပိုင်ရှင်အား မြိုင်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖြိုးမွန်မွန်ထွန်း