ကော့သောင်း၊ ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော် များ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးအား ဧပြီလ ၂၁ရက်နေ့မှ ဧပြီလ ၂၉ရက်နေ့အထိ အတွင်းထိုးနှံပေး သွားမည်ဖြစ် ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံရန်စာရင်းပေးသွင်းထားသည့် သံဃာတော်နှင့် သီလရှင်များ အပါအဝင်သာသနာ့ဝန်ထမ်း (၅၃)ပါး၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်း (၂၆၃)ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း(၄၃၃)ဦးရှိရာ ပထမအကြိမ် ထိုးနှံပြီးသည့် သံဃာတော်နှင့်သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ နှင့် မြို့နေပြည်သူ များ အား သတ်မှတ်ရက်အတွင်း ထိုးနှံပေးလျှက်ရှိကြောင်း၊ ထို့အပြင် ပထမအကြိမ် အဖြစ် လာရောက်ထိုးနှံကြသည့် မြို့နေပြည်သူများအားလည်း ထိုးနှံပေးလျှက် ရှိကြောင်း ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း ၏ ပြောဆိုချက်အရသိရသည်။
ကျော်စိုး (ကော့သောင်း)