ဇီးကုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ဇီးကုန်း ဧပြီ  ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၈၁) ဦးရှိခဲ့ပြီး အဆိုပါရောဂါကူးစက်ခံရသူများထဲမှ အဆုတ်ကင်ဆာ ရောဂါခံစားနေရသူ တစ်ဦးသာ သေဆုံးခဲ့ပြီး ကျန်ကူးစက် ခံရသူများ အားလုံး ပြန်လည်ကျန်းမာ လာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီထံမှ သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် မတ်လ ၁၂ ရက်နေ့ က ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူ များအား ပထမအကြိမ် COVISHIELD ကာကွယ်ဆေး အလုံးရေ (၃၀၀)ကို ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဧပြီလ ၂၁ ရက်နေ့မှစပြီး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာ ဇော်နိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ခန်းမတွင် ယနေ့နံနက်မှစတင် ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက  ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ