ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာတွင် ထင်းမီးနှင့်ကွမ်းသီးပြုတ်ရာမှ နေအိမ်(၄)လုံး မီးကူးစက် လောင်ကျွမ်း

ပွင့်ဖြူ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာတွင် ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ထင်းမီးနှင့်ကွမ်းသီးပြုတ်ရာမှ နေအိမ်(၄)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာနေ ဦးရာဇာနေအိမ်တွင် ထင်းမီးနှင့် ကွမ်းသီးပြုတ်ရာမှ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် အနီးရှိ ၁၅ ပေx ၁၅ ပေ ဝါးထရံကာသွပ်မိုး၊ ဝါးကြမ်းခင်း ခြေတံရှည် တစ်ထပ်အိမ် (၃)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁၂၅၀၀၀) ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ရာသို့ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ် ဦးစီးမှူးဦးမျိုးထွဋ်ခိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့မစခန်းမှ ဒုရဲမှူးစိုးခိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး တို့နှင့်အတူ ဒေသခံပြည်သူများနှင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြရာ နံနက် ၁၀ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရိစာ္ဆန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ မီးပေါ့ဆသူ ညောင်ပင်ရွာ ကျေးရွာနေ ဦးရာဇာအား အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ရဲဝင်းနိုင်