ဘားအံ ဧပြီ ၂၁
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဘားအံမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ကြသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့သည် နတ်ကျွန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးအွာလုံ၏ မွေးမြူရေးခြံသို့ရောက်ရှိပြီး နတ်ကျွန်းကျေးရွာအုပ်စုတွင် ငါးမွေးမြူရေးဇုန် ဖော်ထုတ်နိုင်ရေး မြေပြင်အခြေအနေများကို ကြည့်ရှု့စစ်ဆေးရာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆိုပါမြေနေရာများသည် ငါးမွေးမြူရန်သင့်တော်ခြင်း ရှိ/မရှိ ကျွမ်းကျင်ပညာရှင်များဖြင့် ကွင်းဆင်းသုတေသနပြုလုပ်ပြီး စီမံချက်များရေးဆွဲ၍ ပြန်လည် တင်ပြရန်၊ နတ်ကျွန်းကျေးရွာအုပ်စု၌ပင် KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီမှ နွားမွေးမြူရေးနှင့် စားကျက်မြေအသုံးပြုခွင့်ရရှိရေး ဧက သုံးရာကျော် တင်ပြလျှောက် ထားသည့်မြေနေရာနှင့် ငါးမွေးမြူရေးဇုန် ဆောင်ရွက်မည့် မြေနေရာတို့ ထပ်တူနေချင်းရှိ/မရှိ မြေပြင်ကွင်းဆင်းတိုင်းတာရန်၊ သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ငါးမွေးမြူရေးဇုန်နှင့် နွားမွေးမြူရန် စီမံချက်များရေးဆွဲတင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)