သရက် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မျိုးလတ်က ဌာနဆိုင်ရာများအနေဖြင့် CDM ဝန်ထမ်းများကို ဧပြီလ ၂၂ ရက်နေ့တွင် နောက်ဆုံးထား၍ မိမိ၏အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်စေရေး သက်ဆိုင်ရာဌာန အကြီးအကဲများက စည်းရုံးဆောင်ရွက်ကြရန်၊ မိမိတို့ဌာနတွင်း ဝန်ထမ်းများအား ရုံးလုပ်ငန်းတာဝန်များကို အရှိန်မပျက်ထမ်းဆောင်ကြစေရန်နှင့် လူမှုကွန်ယက်များပေါ်တွင် ဥပဒေနှင့်ညီညွတ်မှု မရှိသော အရေးအသားများ ရေးသားခြင်း မရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦးက CDM ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ အကျိုးစီးပွား မပျက်စီးစေရေး လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင် စေလိုကြောင်းနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများမှ စေတနာထား အလေးထားဆောင်ရွက်သွား ကြရန် ပြောကြားခဲ့ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ရွှေအောင်က ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)