မကွေး ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်မှ သင်တန်းသားများ လိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၆၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ ဌာနဆိုင်ရာသင်တန်းနည်းပြများက အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ များနှင့် ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ နယ်မြေ အေးချမ်းသာယာရေး၊ စိုက်ပျိုးရေး၊ မြေစာရင်းဆိုင်ရာကိစ္စရပ်တို့ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၁)ရက်တာ သင်ကြားပိုချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးခရိုင်(ပြန်/ဆက်)