တနင်္သာရီမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်လှစ်

တနင်္သာရီ ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊(အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သော တနင်္သာရီ တပ်နယ်မှူး ဗိုလ်မှူးထက်ကိုကိုဝင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဒေသကိုယ်စားပြုသူ ဦးကျော်ကျော်ခေါင်နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းအမှာစကားပြောကြားပြီးနောက် သင်ခန်းစာများ ဆက်လက် ဆွေးနွေး ပို့ချပေးကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်တာဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား “အုပ်ချုပ်ရေးမှူးများ တာဝန်ထမ်းဆောင်တဲ့အခါမှာ အမှားအယွင်းမှုမရှိဘဲ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက် အခက်အခဲတွေကို အတတ်နိုင်ဆုံး ဥပဒေ/နည်းဥပဒေ နဲ့အညီ ကူညီဖြေရှင်း နိုင်စေဖို့’’ ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး တို့က ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ လုပ်ငန်း တာဝန်များ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် ကျေးရွာများနှင့် ကိုက်ညီမည့် အခြားသိသင့် သိထိုက်သည့် ဘာသာရပ်များကို ဦးစားပေး ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)