ထားဝယ် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ၁၃၈၃ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့ ဘုရားကြီး ဓမ္မာရုံ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဃောသိတရာမပါဠိတက္ကသိုလ် ကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံမှ တက်ရောက်လာကြသူများက အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူပြီး လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌဦးတင်အောင်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက “ ဗုဒ္ဓသာသနံ စိရံတိဌတု “သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)