စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီက မုံရွာမြို့ကန်သာယာကန် ရွှေလိမ္မော်ကျွန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ကျင်းပ ပြုလုပ်သည့် ၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကန်သာယာကန်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ (၂၅၀၀၀)ကောင်နှင့် ထိုင်းငါးခုံးမ အကောင်ရေ(၂၅၀၀၀) ကောင် စုစုပေါင်း ငါးအကောင်ရေ (၅၀၀၀၀)ကို လွှတ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် မုံရွာမြို့ ဘိုးဘွားရိပ်သာ ခန်းမ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ ကြီးမှူးကျင်းပသည့် မုံရွာမြို့ပေါ်ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးအဘိုးအဘွား ပူဇော်ပွဲကန်တော့ပွဲသို့ တက်ရောက်ပြီး သက်ကြီးအဘိုးအဘွား ပူဇော် ကန်တော့ပွဲ ကျင်းပရခြင်း၏ အကြောင်းကို ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန့်တော့ကြသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်ဇနီး၊  အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်ဇနီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဘိုးအဘွားတစ်ဦးလျှင် ငွေသားနှင့်ပစ္စည်းအပါအဝင် တန်ဖိုးငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် အဘိုး(၂၁)ဦးနှင့် အဘွား(၆၄)ဦး စုစုပေါင်း အဘိုးအဘွား(၈၅)ဦးအတွက် စုစုပေါင်းငွေကျပ်(၄၂၅၀၀၀၀)ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး အဘိုးအဘွားများကိုယ်စား အဘိုး ဦးတင်အောင်က ဆုတောင်းမေတ္တာ ပို့သခြင်းနှင့် ဝမ်းမြောက်စကားများ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ အဆိုပါ မုံရွာမြို့ ဘိုးဘွားရိပ်သာ အတွင်းရှိ အဘိုး၊အဘွားများ နားနေဆောင်များသို့ လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ အဘိုးအဘွားများအား တစ်နေတာအာဟာရ ကုသိုလ်အဖြစ် ထမင်းဟင်းလျာများကို ကျွေးမွေးလှူဒါန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစု ဓမ္မာရုံတွင် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပင်သံဃာဆရာတော်(၅)ပါးအား ဖူးမြော်ကြည်ညို၍ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ရန်ကင်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)