လွိုင်ကော် ဧပြီ ၁၈
လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ရတနာသီရိတောင်ပေါ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် ဆရာတော်၊ အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူ ဆောက်တည်ခြင်းတို့ကိုပြုလုပ်ကြသည်။
ဆက်လက်ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစန်းဝေနှင့် တက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေနှင့် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က မော်တော်ယာဉ်တန်းများဖြင့် လွိုင်ကော်မြို့အတွင်း လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)