ဘားအံ၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

ဘားအံ ဧပြီ ၁၈

မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို  အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် မြန်မာနှစ်ဆန်း ၁ ရက် ယမန်နေ့နံနက်ပိုင်းက သက်ကြီးပူဇော်ပွဲ အလှူတော်မင်္ဂလာနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲတို့ကို ဘားအံမြို့ ဇွဲကပင်ခန်းမနှင့် ကန်သာယာတို့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ ပြည်နယ် တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့်ဇနီး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက အခမ်းအနားသို့ တက်ရောက်လာသော ဘားအံမြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဦးသုံးကြိမ်ချ ကန်တော့ကြပြီး အဘိုးအဘွားတစ်ဦးလျှင် နှစ်ဦးပူဇော်ကန်တော့ငွေ ငါးသောင်းကျပ်နှင့် ဂါရဝပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြကာ သက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သော ဘိုးဘွားများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံကန်တော့သွားကြမည် ဖြစ်သည်။

ယင်းသက်ကြီးပူဇော်ပွဲတွင် ဘားအံမြို့ပေါ်ရှိရပ်ကွက်များမှ စုစုပေါင်း ဘိုးဘွား ၄၂၂ ဦး အတွက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ တိုင်းရင်းဆေး၊ ဘေးစီမံနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ လှူဒါန်းငွေနှင့် ဂါရဝပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ဇွဲကပင်ခန်းမရှေ့ ကန်သာယာ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက နှစ်လက္မအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ၃၀၀၀၀(သုံးသောင်း)၊ ရွေဝါငါးကြင်းကောင်ရေ ၁၀၀၀၀ (တစ်သောင်း)၊ စုစုပေါင်း နှစ်လက္မအရွယ်ရှိ ငါးကောင်ရေ ၄၀၀၀၀(လေးသောင်း)ခန့်အား ကန်သာယာအတွင်းသို့ ဇီဝိတဒါန ငါးများလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)