မြဝတီ ဧပြီ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတကာရီ ဗိမ္မာန်တော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အာယုဒီဃဂုဏပူဇာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ ဧပြီ ၁၇ ရက်၊ ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားဖွင့်လှစ်ပြီး အဘိုးအဘွားများအား ရှေ့တန်းအမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြင့်ထွန်းနိုင်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) သင်္ဃန်းညီနောင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုးဝင်း၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးတေဇာအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့သူ၊ မြို့သားများ၊ အလှူရှင်များက ကန်တော့ချိုးဖြင့် ကန်တော့၍ လှူဖွယ်ဝတု္တ ပစ္စည်းများ လှူဒါန်း ကြသည်။
ထို့နောက် ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကန်တော့ရသည့်အကျိူးအား ဆုတောင်းပဌနာ ပြုပေးသည်။ မြဝတီမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား ၁၉၇ ဦးရှိပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့် အဘိုး၊ အဘွားများအား အိမ်တိုင်ရာရောက် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အလားတူ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြည်သူများမှ ဇီဝိတဒါန ငါးလွှတ် ကုသိုလ်ပြုနိုင်ရေးအတွက် မြဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစစ်စွမ်းရည်မျိုးသန်း ဦးဆောင်သော ဝန်ထမ်းများက ငါးသားပေါက် ငါးခုံးမကြီး သုံးသောင်း၊ ရွှေဝါငါးကြင်း တစ်သောင်း၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ လေးသောင်းကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)