ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား (၃၇၅)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

ကော့သောင်း   ဧပြီ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/သူများအား ယနေ့နံနက်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/သူများအား တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြ၍ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဌာနနှင့် အမှတ် ၁၃ တပ်မတော်ဆေးရုံ ကုတင် ၁၀၀ မှ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်းများ ပြုလုပ်ခဲ့ကြကာ ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ပြီး အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြသည်။

ကော့သောင်းအကျဉ်းထောင်မှ ထိုင်းနိုင်ငံသား(၃)ဦး အပါအဝင် မြန်မာနိုင်ငံသား အကျဉ်းသားအမျိုးသား  (၃၀၄)ဦး၊ အမျိုးသမီး(၆၈)ဦးဖြစ်ပြီး စုစုပေါင်း (၃၇၅)ဦးဖြစ်ကြောင်း၊ လွတ်ငြိမ်းသက်သာခွင့်ရသူများအားလုံးကို မိမိနေရပ်အသီးသီးသို့မော်တော်ယာဉ်များဖြင့် အိမ်အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယနေ့လွတ်မြောက်သူများတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေသူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ပါဝင်လာပြီး လွတ်မြောက်လာသူ ၉၀ ရာခိုင်နှုန်းကျော် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုဖြင့် ကျခံနေရသူများဖြစ်ကြောင်း သိရှိရသည်။

ကျော်စိုး (ကော့သောင်း)