ရွှေသောင်ယံမြို့၌ ပြောင်းအထွက်နှုန်းကောင်း၍ ပြောင်းစိုက်တောင်သူများ အဆင်ပြေ

ရွှေသောင်ယံ  ဩဂုတ်  ၇

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုနှစ်တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသော တောင်သူများမှာ ယခင်နှစ်ကထက် အသီးအနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။

ရွှေ‌သောင်ယံမြို့အနီးတစ်ဝိုက်တွင် တောင်ယာစိုက်ခင်းများရှိပြီး စပါး၊ ပြောင်း သီးနှံများအပြင် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ပဲတောင့်ရှည်၊ ရုံးပတီ၊ သခွား၊ ပီလောပီနံ စသည်ဖြင့် အသီးအရွက်ပင်များလည်း ထည့်သွင်းစိုက်ပျိုးကြသည်။

ယခုအခါ တောင်ယာများရှိ ပြောင်းသီးနှံများ စတင်ထွက်ရှိကာ ပြောင်းတစ်ဖူးကို(၂၀၀) ကျပ်ဖြင့် ရောင်းချရသည့်အတွက် တောင်‌သူများ တွက်ခြေကိုက်ပြီး(၂)ဧကခန့် စိုက်ပျိုးထားသော တောင်သူတစ်ဦးလျှင် စပါးနှင့်အခြားသီးနှံများ မပါဘဲ ပြောင်းဖူးဖိုးသီးသန့် (၄) သိန်းဝန်းကျင်ခန့်  ရရှိမည်ခန့်မှန်းထားကြောင်း၊ ဝါခေါင်လပြည့်လောက်တွင် ပြောင်းဖူးများ လှိုင်လှိုင် ပေါ်မည်ဖြစ်သည်ဟု တောင်သူများထံမှသိရသည်။

လူနေရပ်ကွက်နားရှိ တောင်ယာသီးနှံများစိုက်ပျိုးသော တောင်ကုန်းများသို့ တောဆင်ရိုင်းကဲ့သို့သော တိရိစ္ဆာန်များ ​နွေရာသီအတွင်းက ဝင်ရောက်သွားလာတတ်သော်လည်း ယခုလို တောင်ယာလုပ်ချိန်၊ ပြောင်းပေါ်ချိန်တွင် တောဆင်ရိုင်းများ ဝင်ရောက်ခြင်းမရှိသေးကြောင်း  တောင်သူများထံမှ သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)