မကွေးတိုင်းဒေသကြီး မြန်မာရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အောင်မြင်စွာပိတ်သိမ်း

မကွေး ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က မြန်မာရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးမဏ္ဍပ်များတွင် ဧည့်ခံ ဖျော်ဖြေ သီဆိုကပြခဲ့ကြသည့် ယိမ်းအကအလှ အဖွဲများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌက “၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ဟာ မြန်မာတိုင်းရင်းသားများရဲ့ နှစ်သစ်ကူး ပြောင်းခြင်းအထိမ်းအမှတ် အနေနဲ့ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ မိမိတို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လိုရာပန်းတိုင်ကို ရောက်ရှိကြဖို့ ရည်ရွယ်ပြုလုပ်တဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ရှေးယခင်နှစ်များစွာက ကျင်းပပြုလုပ်ခဲ့တဲ့ နည်းတူ အစဉ်အလာ မပျက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းပြီဖြစ်ပါတယ်” ဟု ပြောကြားကာ တေးသံရှင် မေယုဆွေက မြနန္ဒာသီချင်း သီဆို၍ သင်္ကြန်ယိမ်းအဖွဲ့များက သံပြိုင်သီဆိုက၍ မြန်မာရိုးရာ ယာဉ်ကျေးမှု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပိတ်သိမ်းခဲ့သည်။

၁၃၈၂ ခုနှစ်မှ ၁၃၈၃ ခုနှစ်သို့ ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်လေတပ် စခန်းမှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းနှင့်လေတပ်စခန်းမှ ယိမ်းအကအလှအဖွဲ့များ၊ အမှတ် (၈၈) မကွေးတပ်မ ဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးကျော်စိုးလွင် နှင့်ယိမ်းအကအလှ အဖွဲ့များ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ယိမ်းအကအလှအဖွဲများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး (မကွေး)