ဘားအံ ဧပြီ ၁၀
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝး (၆/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းပြောကြားပြီး လာမည့်မိုးရာသီတွင် ရုံးတိုင်း၊ အိမ်တိုင်း၌ သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးရန်လိုကြောင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ဆက်တိုက်ထိုးနှံပေးသွားမည်ဖြစ်၍ သင်္ကြန်အပြီးတွင် ကာကွယ်ဆေးထိုးစုရပ်များဖွင့်လှစ်ကာ မည်သူမဆို အကန့်အသတ်မရှိ လာရောက်ထိုးနှံနိုင်အောင် စီမံပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဆန်၊ ဆီ ဖူလုံရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နေ့စားလပေး ဆရာ/မများ ခန့်ထားပေးနိုင်ရေးနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး အစီအမံများ ရေးဆွဲတင်ပြပေးစေလိုကြောင်း၊ စပါး၊ သတ္တုနှင့် သစ်တောထွက်ကုန်များကို ကုန်ကြမ်းအဖြစ်တင်ပို့ရောင်းချခြင်းကို ခွင့်မပြုဘဲ ကုန်ချောအဖြစ် ဆောင်ရွက်ပြီးစီးမှသာလျှင် တင်ပို့ကြစေကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေအိမ်လိုင်းခန်း လုံလောက်မှု ရှိ/မရှိ စာရင်းပြုစုတင်ပြပေးစေလိုကြောင်း၊ မကြာခင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ခြင်း အလှပြယာဉ်များဖြင့် လှည့်လည်ခြင်းများအား ဆောင်ရွက်ခွင့်မပြုဘဲ ကိုဗစ် စည်းကမ်းနှင့်အညီ ရေပက်စကားကြရန်မှာကြားလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်အကြီးအကဲများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေး၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)