အုတ်တွင်း ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိခင်နှင့်ကလေးကျန်းမားရေးဌာနက မြို့နယ်အတွင်းရှိ အသက်(၁) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ ဈေးရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အမျိုးသမီး သူနာပြုဆရာမ ဒေါ်အေးအေးမော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်း တို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် (၁)နှစ်အောက် ကလေးငယ် (၅၂) ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၃၂)ဦးအား ထိုးနှံပေး ခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
စည်သူ (ပြန်/ဆက်)