ဘားအံ ဧပြီ ၉
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ ခွဲဝေထားမှု၊ တာဝန်လွှဲပြောင်းရယူခဲ့ရသည့်အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်ကို သစ္စာစောင့်သိ၍ ရိုးသားကြိုးစားစွာဖြင့် ရပ်ရေးရွာရေးကို ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ အရာရာတိုင်းတွင် သမာသမတ်ကျကျဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ မိမိတို့၏ ရပ်ကွက်ကျေးရွာအုပ်စုကို ဦးစီးဦးဆောင်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေကို ပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာမြို့နယ်အလိုက် သင်တန်းများ ဖွင့်လှစ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရပ်ကွက်ကျေးရွာအတွင်း ငြိမ်းချမ်းသာယာရေးနှင့် သန့်ရှင်းရေးရှိအောင်၊ စည်းလုံးညီညွှတ်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေနှင့်သောက်သုံးရေရရှိရေး အစရှိသည့်ကဏ္ဍများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာ၏သာရေးနာရေး ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုကြောင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းလိုက်နာရန်နှင့် အမှုကိစ္စများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးတွင် အခြေခံအကျဆုံး၊ အရေးပါဆုံးဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အကောင်းဆုံး ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြဖို့လိုပြီး မိမိရပ်ရွာဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အဖွဲ့ဝင်(၃)ဦးရဲထွန်းဦးက ဧည့်စာရင်းဥပဒေနှင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းက ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)