၂၀၂၁ ခုနှစ် ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များအား ဂုဏ်ပြုပူဇော်

ဂန့်ဂေါ မတ် ၂၉
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းရရှိတော်မူသည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ နှင့် ကမ္မဋ္ဌာနာစရိယ အုံ့တုံးတောင်တောရဆရာတော် ဘဒ္ဒန္တဩသဓမထေရ်မြတ်တို့အား ဂုဏ်ပြုပူဇော်ပွဲ ကို   ယနေ့ နံနက် ၉ နာရီက ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်၌ ပြုလုပ်သည်။
ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့်ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဝင် ပနန်းကျောင်းဆရာတော် ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဂန့်ဂေါမြို့ ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံမှ ဩဝါဒကထာကို နာယူသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်အေးတို့နှင့် တာဝန်ရှိသူများ၊ စေတနာရှင်များတို့က ကြွရောက်တော်မူလာကြသည့် သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်များအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်ပစ္စည်းတို့ကို ဆက်ကပ်ပူဇော်ကြသည်။
အဆိုပါအခမ်းအနားတွင် ဝတ်အသင်းများက ဆရာတော်များအား ချီးကျူးပူဇော်ကြသည့် ဂါထာ တော်များ ရွတ်ပွားပူဇော်ကြကာ ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)