ငဖဲမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင်ငွေနှင်းမှို စိုက်ပျိုးရောင်းချပြီး အပိုဝင်ငွေရရှိ

ငဖဲ မတ် ၂၇ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်၊ စည်ပင်ကွက်သစ်ရပ်တွင် မိမိအိမ်ခြံဝန်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် ငွေနှင်းမှိုများကို စိုက်ပျိုးရောင်းချပြီး ပုံမှန်အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။ ငွေနှင်းမှိုများကို စိုက်ပျိုးမည်ဆိုပါက မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသော နေရာတွင်ထားပြီး အပူချိန် ၂၅ ဒီဂရီမှ ၂၈ ဒီဂရီစင်တီဂရိတ်ရှိ၍ စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းရှိရမည်ဖြစ် ကြောင်း၊ မှိုထုပ်၏ ထိပ်ဝမျက်နှာပြင် အပေါ်ရှိပလတ်စတစ်အနားများကို ဓားသန့်သန့်ဖြင့် လှီးဖြတ်ပြီး လျှင် တစ်ဆင့်နှင့်တစ်ဆင့် တစ်ပေခွဲအကွာအဝေးရှိသော ဝါးစင်၊ သစ်သားစင်၊ သံစင်များအပေါ်တွင် အထုပ်များကို ထောင်၍သော်လည်းကောင်း၊ လှဲ၍လည်းကောင်းထားပြီး လှဲ၍ထားလျှင် နှစ်ဆင့်ထပ် ထားနိုင်ကြောင်း၊ အအေးကြိုက်၍ နေ့စဉ်ပုံမှန် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာ ရေလောင်း ပေးရကြောင်း၊ ရေလောင်းလျှင် အထုပ်အတွင်းရေမဝပ်ရန် ဂရုစိုက်ရပြီး ရေဝပ်ပါက မှိုထုပ် များ ပုပ်ရိသွားနိုင်ကြောင်း၊ မှိုထုပ်များစဖွင့်ပြီး ၃ ရက်မှ ၇ ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်လာပြီး ၃ ရက်မှ ၄ ရက်ခန့်တွင် ခူးဆွတ်လို့ရရှိကြောင်း သိရသည်။ ငွေနှင်းမှိုပျိုးပင်များကို မိမိခြံဝန်းအတွင်း ၁၀ ပေပတ်လည်အဆောက်အဦးတွင် ပျိုးထုပ်ပေါင်း ၇၀၀ ခန့် စိုက်ပျိုးထားရှိရာ ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ၃ ရက်ခြားတစ်ခါ ၅ ပိသာခန့် ခူးဆွတ်ရပြီး တစ်ဆယ်သား ကို ငွေကျပ် ၈၀၀ ဖြင့် ရောင်းချရလို့ ပုံမှန်အပိုဝင်ငွေရရှိနေကြောင်း၊ မိမိတို့၏ အိမ်ခြံမြေကွက်လပ်တွင် ငွေနှင်းမှိုများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချပါက မိမိအိမ်အတွက် ဟင်းလျာတစ်ခွက် ပုံမှန်ရရှိပြီး အပိုဝင်ငွေများလည်း ရရှိကြောင်း ငွေနှင်းမှိုစိုက်ပျိုးရောင်းချသူ ဒေါ်ဝေနှင်းက ပြောကြားသည်။ အဆိုပါငွေနှင်းမှိုကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တို့ဖြင့် ကြော်၍လည်းကောင်း၊ သုတ်၍ လည်းကောင်း စားသုံးနိုင်ပြီး မုန့်နှစ်တွင် စိပ်ပိုင်းထားသော မှိုကိုနှစ်၍ အကြွပ်ကြော်၍ စားသုံးနိုင်ပြီး အာဟာရဓာတ်များစွာ ပါဝင်ကြောင်း သိရသည်။ ငဖဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲမှ ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိရာ မှိုစိုက်ပျိုးရေးဝါသနာ ပါသူများအနေဖြင့် ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ မယု(ငဖဲ)