ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၄)ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ထုံးအိုင်-မိန်းမလှကျွန်းကျေးရွာချင်းဆက်ကုန်ထုတ် ကွန်ကရစ်လမ်း အကျယ် ၁၄ ပေ၊ ထု ၇ လက်မခင်းနိုင်ရေး အောက်ခံကျောက်ကြမ်းလွှာခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ စိုက်ဧက ၂၀၀ ကျော်ကို အကျိုးပြုလျက်ရှိသော ပေ၈၃၀၀ ရှိ မိန်းမလှကျွန်းရေမြောင်းနှင့်ရေတံခါးတို့ကိုလည်းကောင်း၊ အရှည် ၃၆၀ ပေ အကျယ် ၂၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား မိန်းမလှကျွန်းတံတား တည်ဆောက်ပြီးစီးမှုတို့ကို လည်ကောင်း ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူကြွယ်နှင့် တာဝန်ရှိသူများက လမ်းတံတားနှင့်ဆည်/မြောင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘားအံမြို့နယ်၊ မဲဘောင်-နောင်လုံ ရေသွင်း/ရေနုတ်မြောင်းမကြီး(ဖဲကတာမြောင်းမကြီးအပိုင်း) အရှည် ၁၂၄၀၀ ပေ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းနှင့် ရေထိန်းတံခါးတို့ကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခြံကလေး-တောင်သူကုန်း ၂ မိုင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန် စံညွှန်း များပြည့်မီရေး၊ လမ်းပုခုံးများအဆင့်မြှင့်တင်နိုင်ရေးနှင့် မိုးရာသီတွင်ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသည့်အတွက် လိုအပ်သည့်နေရာများတွင် Box Culvert များ ထည့်သွင်းဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ပြန်လည် ဖွင့်လှစ်လျက်ရှိသော ဇာသပြင်တိုက်နယ်ဆေးရုံသို့သွားရောက်ကြည့်ရှု့အားပေးပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနေသည့် တိုက်နယ်ဆရာဝန်နှင့် သူနာပြုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ရွှေတော-ကော့မူးတာ ၂ မိုင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် လာမည့်နှစ်တွင် ဆောင်ရွက် မည့် ကော့မူးတာ- ဖြတ်လှိုင်းလမ်း၊ ဖြတ်လှိုင်း-ဒုံသို့လမ်းပိုင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း