ကျွန်းစု မတ် ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့ဦးသံသရာအေးစေတီတော် (၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (၃)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သံသရာအေးစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ထိန်ချောင်းကျေးရွာ၊ အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ကမ္မဌာနာစရိယဘဒ္ဒန္ထဣန္ဒြောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသူများမှ (၂၄)ပစ္စည်းအား ရွတ်ဆို၍ အလှည့်ကျဆရာတော်ဖြစ်သည့် ကျွန်းစုမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးငြိမ်းသုခ ကျောင်းဆရာတော် ဘဒ္ဒန္ထ ဉာဏိန္ဒ မှ ပဋ္ဌာန်းဒေသနာတော်များအား ရွတ်ဆိုတော်မူခဲ့သည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့မှ မတ်လ(၂၈)ရက် (တပေါင်းလပြည့်ကျော် ၁ ရက်နေ့)အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ အောင်တော်မူသာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ကမ္မဌာနာစရိယဘဒ္ဒန္ထဣန္ဒြောဘာသနှင့် သံဃာတော်(၂၀)ပါး၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူးကြီးသိန်းထူး၊ ကျွန်းစုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ၊ သံသရာအေးစေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးမျိုးဆွေနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား(၇၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ စည်သူရအောင် (ကျွန်းစု)