မကွေး မတ် ၂၆
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနလုပ်ငန်း တာဝန်များကို ရာနှုန်းပြည့် ပြန်လည် ဆောင်ရွက်နိုင်ရန် ပူးပေါင်း ကြိုးစား ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိအုပ်ချုပ်မှုအောက်ရှိ ဝန်ထမ်းများ လမ်းမှားမရောက်စေဖို့ လမ်းမှန်ကို ညွှန်ပြပေးစေလိုကြောင်း၊ မိမိတို့ဌာနအလိုက် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ရေး၊ CDM လှုပ်ရှားမှုမှာ ပါဝင်မှုမရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးနှင့် အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဌာနအကြီးအကဲများက ဆောင်ရွက်နေမှု ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးကာ ဌာနဆိုင်ရာများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ မကွေးပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းနှင့် အထကတို့မှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ (တိုင်းဒေသကြီးပြန်/ဆက်)