ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ လုပ်ငန်းများဆောင်ရွက်ရန်လျာထားမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြ

ဘားအံ မတ် ၂၅ မြန်မာ-မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စီမံကိန်းအနေဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ADB ချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရန်လျာထားမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့သည်။ ထိုသို့ ရှင်းလင်းတင်ပြရာတွင် (မြို့ပြနှင့်ဒေသ) မြို့ပြနှင့်အိမ်ယာဖွံဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေး၊ ADB ချေးငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းအကြံပေး အဖွဲ့ခေါင်းဆောင် MR., William Matthews၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ADB ချေးငွေဖြင့် ဘားအံမြို့နှင့် မြဝတီမြို့တို့တွင် ရေပေးရေးစနစ် အဆင့်မြှင့်တင်ခြင်း၊ အမှိုက်စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်လျာထားမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ ရေရရှိရေးအတွက် သွယ်တန်းမည့်နေရာ၊ ရေစစ်ကန်တည်ဆောက်မည့်မြေနေရာတို့ကို ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ရေပို့ပိုက်လိုင်းသွယ်တန်းခြင်း၊ ရေလှောင်ကန်၊ ရေစုကန်၊ ရေစစ်ကန် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို အမြန်ဆုံးဆောင်ရွက်ရန်၊ အမှိုက်ကင်းစင်ရေးအတွက် လိုအပ်သည့် အမှိုက်ပုံး၊ အမှိုက်ကား၊ အမှိုက်ကန်များ ဝယ်ယူ၍ ဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်ကာလအမီ ပြီးစီးနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ခရိုင် (ပြန်/ဆက်)