တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ် အဖြစ် (၁၆၈၇)ဦးထိုးနှံပေး

တနင်္သာရီ မတ်၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း(ဒုတိယ)သုတ်၊ (ပထမ)အကြိမ်အဖြစ် ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ ဈေးဆိုင်/စားသောက်ဆိုင် ရောင်းချသူများနှင့် လူမှုရေး ပရဟိတအဖွဲ့ဝင်များအား မတ်လ(၁၅ ရက်မှ ၂၃) ရက်နေ့ ညနေ(၅)နာရီအထိ သတ်မှတ်နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ စုစုပေါင်း(၁၆၈၇)ဦးတို့က စိတ်ဝင်တစား လာရောက်ထိုးနှံခဲ့ ကြောင်း သိရှိရသည်။

မတ်လ(၁၅ ရက်မှ ၁၉ ရက်)အထိ (၅)ရက်တာကာလမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် (၁၂၂၄)ဦး၊ မတ်လ(၂၁)ရက်နေ့ မောတောင်မြို့တိုက်နယ်ဆေးရုံတွင် (၂၅၄)ဦးနှင့် မတ်လ(၂၃)ရက်က  ညောင်ပင်ကွင်းရွာ ကျေးလက်ကျန်းမာရေးဌာနအတွင်း (၂၀၉)ဦး စုစုပေါင်း (၁၆၈၇)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ဒုတိယ)သုတ်၊ (ပထမ)ကြိမ်အဖြစ် ထိုးနှံပေးပြီးဖြစ်၍ နောက်ထပ်(၂၈) ရက်အကြာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မောတောင်မြို့တိုက်နယ် ဆေးရုံ တာဝန်ခံ ဆရာဝန်ဒေါက်တာ သီဟအောင်မှ ကြီးကြပ်၍ ညောင်ပင်ကွင်းရွာ ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလနှင့် သားဖွားဆရာမများ၊ ကုသရေးဦးစီးဌာန ဆရာမများ၊ တနင်္သာရီ တပ်နယ်မှ သားဖွားဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရေးလုပ်ငန်း (ပထမ)သုတ် (ပထမ)အကြိမ်အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများ/ဆရာမများ စုစုပေါင်း(၁၆၄) ဦးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၇ရက်နှင့် ၂၈ရက်) က ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသေး ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)