မြောင်းမြမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး

မြောင်းမြ မတ် ၂၄ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြရွှေဝါအစည်းအဝေးခန်းမ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်မှူး ဒေါက်တာစိုးသက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အနေအထား ရောက်မှသာ စနစ်တကျ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ရာ ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ခန့်အနားယူ စေကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း(၅၁၁၉)ဦး ရှိသည့်အနက် ယနေ့ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသောင်းတင်ထွေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ဆွေနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများစုစုပေါင်း (၂၇၄)ဦးကိုကာကွယ်ဆေး စတင်ထိုး နှံပေးခဲ့ပြီး ကျန်ရှိသောဌာနဆိုင်ရာဝန်ထမ်းများကို မတ်လ(၂၉)ရက်အထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကေခိုင်စိုး(မြောင်းမြ)