ဟားခါး မတ် ၁၇
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးငွန်ဆန်းအောင်က ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအလိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြီးစီးမှုရာခိုင်နှုန်းအလိုက် ငွေထုတ်ယူ ခွင့်များကိုလည်း အချိန်မဆိုင်းဘဲ တင်ပြကြရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန်နှင့် လုပ်ငန်းတာဝန်များကျေပွန်စွာ ထမ်းဆောင်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်၊ Civil Disobedient Movement (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ဧည့်စာရင်းစစ်ဆေးမှုကို ဥပဒေနှင့်အညီ စစ်ဆေးရန်လိုကြောင်းဖြင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ တောင်းခံသည့် စာရင်းဇယားများ အချိန်မီ ပေးပို့ရေး၊ နိုင်ငံ့ဝန်ထမ်းများ မလိုအပ်ဘဲ ခရီးမသွားရေး၊ မကြာမီ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စာရင်းများ မှန်ကန်စွာ ပေးပို့ရေး၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် ရဟန်းသံဃာတော်များနှင့် သီလရှင် များအား ဘွဲ့တံဆိပ်တော်များ ကပ်လှူနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိရေးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သိပ္ပံကျောင်းများအနေဖြင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ ဖွင့်လှစ်ရေးနှင့် လိုအပ်ချက်များ တင်ပြရန် ဆွေးနွေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အနောက် မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စနှင့် ဝန်ထမ်းများ (CDM)လှုပ်ရှားမှုတွင် ပါဝင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)