ဟိုင်းကြီးကျွန်း မတ် ၁၄
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၁ ရက်နေ့ မှ စတင်ကာ တပေါင်းလပြည့်နေ့အထိ ၁၅ တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားတွင် မြတ်မော်တင်ကမ်းခြေဒေသမှ ပင့်သံဃာတော် (၂၇) ပါးအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း၊ ရှင်ဥပဂုတ္ထဖောင်တော်အား ပင်လယ်ရေပြင်၌ ပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းနှင့် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားအား မြတ်မော်တင်ကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဇာတအရှင်သူမြတ် ၊ တိုင်ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအုန်းမြင့်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလင်းကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ဒေဝါဝင်း၊ ရာဇာဝင်းများနှင့် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တာဝန်ရှိသူများက မြတ်မော်တင် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြပြီး သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူခဲ့ကြသည်။
ဆက်လက်ပြီး ရေစက်ချမဂ်လာအခမ်းအနားကျင်းပရာ ဆရာတော် အရှင်သူမြတ်များ ဦးဆောင်ပြီး တရားနာ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ရေစက်ချ အနုမောဒနာတရား နာကြားခဲ့ကြကြောင်း သိရသည်။
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုအခါတွင် ကိုဗစ် (၁၉) ရောဂါ အခြေအနေများကြောင့် ကြိုတင်ကာကွယ်မှုများနှင့် အညီ ၁၅ ရက် အကျဥ်းချုံး ကျင်းပရခြင်းဖြစ်ကြောင်း၊ တပေါင်းလဆန်း (၉) ရက်နေ့တွင် သြဝါဒါစရိယ ဆရာတော်အရှင်သူမြတ် ပင့်သံဃာ (၂၇) ပါးတို့က တပေါင်းလပြည့်နေ့အထိ အသံမစဲ ပဌာန်းမြတ် ဒေသနာတော်များအား ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် ပဌာန်းသိမ်းအောင်ပွဲနှင့် ဆရာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်များ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ