ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ Video Conferencing(Zoom Meeting)ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟားခါး မတ် ၉ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ ကောင်စီဝင်(၄)ဦးနေလင်း၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ Video Conferencing (Zoom Meeting)ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီက ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။ အစည်းအဝေးတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က ဒေသခံပြည်သူများ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေအတွက် ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဘဏ်များတွင် ဘဏ်ငွေ ထုတ်ခွင့်ကိစ္စရပ်များ နှင့်ပတ်သက်၍ အခက်အခဲများ ရှိပါက တင်ပြရန် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်/မြို့နယ်များအလိုက် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ဝန်ထမ်းများ CDM တွင် ပါဝင်လှုပ်ရှားနေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ဘဏ်များ ဖွင့်လှစ်နေမှုနှင့် ငွေကြေးထုတ်ယူသုံးစွဲမှု အခြေအနေများနှင့် မြို့နယ်အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ အတွင်းရေးမှူး ဦးတိုးဝင်းက ဝန်ထမ်းများ ခံယူချက်မှန်ကန်စွာဖြင့် ရုံးတက်စေရေး၊ သက်ဆိုင်ရာရုံးများအားလုံး (ရပ်/ကျေးရုံးများ အပါအဝင်) ပုံမှန်ရုံးဖွင့်လှစ် ဆောင်ရွက်ကြရန်၊ အုပ်ချုပ်ရေးယန္တရားရပ်တန့်မှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ စီမံ ဆောင်ရွက်ကြရန်၊ COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ကြရန်၊ အခက်အခဲများရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးတင်ပြကြရန်၊ ဒေသခံပြည်သူလူထု အခက်အခဲမဖြစ်စေရန်အတွက် စည်ပင်သာယာစျေးများအား ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ လစ်ဟာမှုမရှိစေဘဲ မြန်မြန်ဆန်ဆန် စနစ်တကျ ဆက်လက်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်များအား ဝန်ထမ်းများ သိရှိလက်ခံ နားလည်နိုင်စေရေး ရှင်းလင်းသွားရန် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်