ကျောက်ထု မတ် ၇
ယခုနှစ်တွင် ယောအရပ်ဒေသဖြစ်သည့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ပေပင်များသီးသဖြင့် ပေပင်ပိုင်ရှင်များ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ပေတစ်သီး ကျီးတစ်သားဟူသည့်ဆိုရိုးအတိုင်း ပေပင်သက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်သာ သီးသဖြင့် ပေသီးများဈေးကောင်းရရှိရန် မျှော်လင့်ကြခြင်းဖြစ်ကြောင်း၊ ဒေသတွင်းရှိ အရွယ်ရောက် ပေပင်များအားလုံး အသီးသီးကြကြောင်း၊ ယေဘုယျအားဖြင့် ပေပင်သက်တမ်း နှစ် (၅၀) ဝန်းကျင်တွင် သီးလေ့ရှိပြီး ပေသီးတစ်တင်းလျင် သိန်းလေးဆယ်ကျော် ရခဲ့ဘူးကြောင်း ပေပင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ပေသီးကို မော်တော်ကားနောက်မှီ၊ ကုလားထိုင်နောက်မှီများတွင် တပ်ဆင်အသုံးပြုကြသည့်အပြင် တရုတ်ပြည်နယ်စပ်သို့ ပို့ဆောင်ရောင်းချကြကြောင်း၊ ပေပင်ကိုသီးခြား စိုက်ပျိုး ကြခြင်းမျိုးမဟုတ်ဖဲ ယာမြေစပ်များ၌ စိုက်ပျိုးကြခြင်းဖြင့် ပေလက်၊ ပေရွက်များရရှိ၍ အမိုး၊ ချည်ကြိုးများ အဖြစ်အသုံးပြုကြကာ ပေရွက်များမှ ပေစာချပ်များ ရရှိနိုင်သည့်အပြင် ပေလက်တံကြောများကို ပေတံမျက်စည်း ပြုလုပ်သုံးစွဲကြသည်။
မောဟေမာန် (ပြန်ဆက်)